Title: ချစ်သော ...
Tags: Myanmar, Responsibility, Love, Youth
Blog Entry: MRT ပေါ်ရပ်နေရင်းနဲ့  Singapore ရဲ့ အလှအပကို တအံ့တသြ ငေးနေမိတယ်။ သဘာဝအရင်းအမြစ် ဘာတစ်ခုမှ ကောင်းကောင်းမွန်မွန် မရှိတဲ့ကျွန်းလေးမှာ နေရာအနှံ့ ခေတ်မီ အဆောက်အဦးတွေနဲ့  သစ်ပင်ပန်းမန်စိမ်းစိမ်းစိုစိုတွေကို မြင်နေရတော့ ကျွန်မ မွေးဖွားကြီးပြင်းရာ နေရာလေးဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်လွမ်းမိသလိုလို ... တစ်ကယ်ဆို ကျွန်မတို့ တိုင်းပြည်လေးက သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ရေကောင်းမြေကောင်းတွေကို ပိုင်ဆိုင်တဲ့ ချစ်စရာနိုင်ငံလေးပေါ့ ... ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဖြစ်သင့်သလောက် ဖြစ်မလာနိုင်သေးတဲ့အတွက် စိတ်မသက်မသာ ဖြစ်မိတာတော့အမှန်ပါ။ တစ်ခြားနိုင်ငံက ပိုပြီးအဆင့်မြင့်တဲ့ပညာတွေကို သင်ယူချင်တဲ့စိတ်နဲ့ ကျွန်မကိုယ်တိုင်ကလည်း အမိမြေမဟုတ်တဲ့ နိုင်ငံတစ်ခုကို ထွက်လာခဲ့တဲ့သူပါ။ Whole burma တွေရခဲ့ပေမယ့် ကျွန်မလိုပဲ ပြည်ပကိုထွက်ပြီး ပညာသင်ကြားကြတဲ့ သူငယ်ချင်းအများစု ကို နှစ်စဉ်တွေ့  မြင်နေရတယ်။ သေချာပြန်စဉ်းစားကြည့်ရင် အမိမြေကို ထူးချွန်ထက်မြက်တဲ့လူငယ်တိုင်းသာ ... ဒီလိုပစ်ခွာသွားမယ်ဆိုရင် ... ... ပြီးတော့ ... လိုက်မေးကြည့်လိုက်ရင် မြန်မာနိုင်ငံပြန်ပြီး အကျိုးပြုမယ်လို့ ဖြေတဲ့သူကမရှိသလောက်ပါဘဲ။ သူတို့ ကိုလည်း အပြစ်မတင်ရက်ပါဘူး သူတို့  တတ်ထားတဲ့ ပညာနဲ့ ကျွမ်းကျင်မှုတွေကို တန်ဖိုးအများဆုံးပေးတဲ့နိုင်ငံကိုပဲ ရောင်းချင်ကြမှာပေါ့။ ဒါကလည်းသူတို့  အမှားမဟုတ်ပါဘူး။ ဒါဆိုဘယ်သူ့ အမှားလည်း??? ... ဒါပေမယ့် အခုချိန်မှာဘယ်သူမှားလည်းမှန်လည်း အဖြေရှာအပြစ်တင်နေမယ့်အစား ကျွန်မတို့ အားလုံးရဲ့  မွေးဖွားခိုလှုံရာ အမိမြေကို မိမိတတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က ကူညီပေးပြီး ကျွန်မတို့ ရဲ့ မျိုးဆက်သစ်တွေကို လှပတဲ့အနာဂါတ်တွေ လက်ဆောင်ပေးနိုင်အောင် ကြိုးစားကြရင် ပိုကောင်းမှာပါ။ လောကကြီးအကြောင်းကိုကျွန်မ မသိသေးပါဘူး။ လောကကြီးကလည်းကျွန်မအကြောင်းကို မသိသေးပါဘူး။ ကျွန်မကတော့ မြန်မာနိုင်ငံပြန်ပြီး အလုပ်မလုပ်ဖြစ်သည့်တိုင်အောင် အမိနိုင်ငံအတွက်အကျိုးရှိမယ့် အလုပ်တစ်ခုခုကိုတတ်နိုင်တဲ့ဘက်က လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ပြီးသားပါ။ သူငယ်ချင်းတွေစုပြီး တိုင်ပင်ထားကြတာမျိုးလေးတွေလည်း ရှိပါတယ်။ ဒီလိုပဲမျိုးဆက်သစ်တိုင်းရဲ့ ရင်ထဲမှာ အဲလိုလေးရှိနေခဲ့ရင်သိပ်ကောင်းမှာပဲလို့ လဲတွေးမိတယ်။ သေချာပါတယ် သူတို့ လည်းတွေးမိကြမှာပါပဲ။ လုပ်ပေးနိုင်တာ မလုပ်ပေးနိုင်တာထက် ဒီလိုလေးစဉ်းစားမိတာက ပိုကောင်းတယ်လို့ ထင်ပါတယ်။ လက်တွေ့ ဆိုတာ စိတ်ကူးကနေတစ်ဆင့်ဖြစ်ပေါ်လာတတ်တာမျိုးမဟုတ်လား ...
VIEW FULL VERSION: Link